您现在的位置: 国际医疗 > 国际服务 > အင်းစိန်ထောင်၊ ရေကြည်အိုင်နှင့် သမဂ္ဂကျောင်းသား

မတ်လ ၃ ရက်နေ့က ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ပညာရေးတာဝန်ခံ ကိုဘုန်းထက်နောင်သည် ဆန္ဒပြစစ်ကြောင်း၏ ထိပ်ပိုင်းတွင် ရှိနေသည်။  

ဆူးလေဘုရားဘက်သို့ ချီတက်နေစဉ် တာမွေရဲစခန်းအနီး လမ်းဆုံတွင် စစ်ကောင်စီတပ်များက ဆန္ဒပြလူအုပ်ကို မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့် ပစ်ခတ်၍ ပတ်ပတ်လည်ဝိုင်းကာ ပိတ်ဆို့လိုက်ကြသည်။အသက် ၂၃ နှစ်အရွယ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပညာရေးတာဝန်ခံ ကိုဘုန်းထက်နောင်ဟောပြောနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ပေးပို့)

“ကျွန်တော်တို့က အဲဒီနေရာကို အေးအေးချမ်းချမ်းကျော်ဖြတ်သွားဖို့ ကြိုးစားတာပေါ့” ဟု ၂၃ နှစ်အရွယ် ကိုဘုန်းထက်နောင်က ပြောသည်။

“တချို့ကလည်း အလယ်မှာ ထိုင်ချလိုက်ကြတယ်။ တချို့ကလည်း ပြေးတယ်။ ပြေးတဲ့အချိန်မှာ တက်နင်းမိတဲ့သူတွေမှ အများကြီးပဲ။ တက်နင်းမိလို့ ဖူးယောင်သွားတဲ့ ဒဏ်ရာရသွားတဲ့သူတွေလည်း အများကြီးပဲ။ လဲနေတာကိုပဲ နံပါတ်တုတ်တွေနဲ့ ရိုက်တာတွေ၊ ပြီးကျရင် သေနတ်ဒင်တွေနဲ့ ထုတဲ့ဟာတွေ အဲ့ဒါတွေလည်း တွေ့ခဲ့တယ်”

ထိုနေရာတွင် ရိုက်နှက်ဖမ်းဆီးခြင်း ခံလိုက်ရသူများမှာ ကိုဘုန်းထက်နောင်အပါအဝင် စုစုပေါင်း ၄၀၀ ဝန်းကျင် ရှိသည်။

လမ်းပေါ်တွင် ထိုသို့ ပြင်းပြင်းထန်ထန်ရိုက်နှက်မှုများသည် လာမည့် ရက်ပိုင်းအတွင်း နေ့ရောညပါ နှိပ်စက်ညှဉ်းပန်းခံရမည့် ထိုလူငယ်များရင်ဆိုင်လိုက်ရသည့် ရှေ့ပြေးရက်စက်မှုများဖြစ်လာသည်။

အင်းစိန်သို့ ပို့ခြင်း

ကျောင်းသားသမဂ္ဂအသီးသီးမှ အဖွဲ့ဝင်အများစုပါဝင်သော ၎င်းတို့ကို မွန်းလွဲ ၁ နာရီခန့်တွင် ကျိုက္ကဆံအားကစားကွင်းသို့ ပို့လိုက်သည်။

“ကျွန်တော်တို့ ပစ္စည်းတွေ၊ လွယ်အိတ်တွေ၊ ဖုန်းတွေကို အကုန်လုံးကို ချန်ထားခိုင်းတယ်။ ပြီးတော့ ကားပေါ်ကို ဆွဲတင်သွားပြီး မိန်းကလေး ၃ စီး၊ ယောကျာ်းလေး ၃ စီး ကျိုက္ကဆံကွင်းကို ခေါ်သွားတယ်”ဟု ကိုဘုန်းထက်နောင်က ပြန်ပြောင်းပြောပြသည်။

ထိုတစ်နေ့လုံး သူတို့ ရေသာသောက်ရပြီး မိုးချုပ်ချိန်တွင် အင်းစိန်ထောင်သို့ ပို့ဆောင်ရန် ပြင်ဆင်ကြောင်း၊ အချုပ်ကားတစ်စီးလျှင် လူ ၅၀ မှ ၆၀ ကြား ထည့်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ပြွတ်သိပ်ပြီး ထိုးထည့်တာပေါ့။ အထဲမှာ ရေလည်းမတိုက်ဘူး။ လေပေါက်ကလည်း မရှိဘူး။ ကားပေါ်မှာတင် ၁ နာရီကျော်ကျော်လောက် သွားခဲ့ရတယ်။ အသက်ရှူရတာကအစ တစ်ယောက်တစ်လှည့်စီ ရှူရတဲ့အခြေအနေထိ ဖြစ်တယ်။ တချို့မိန်းကလေးဆိုရင် အသက်ရှူခက်ပြီး မေ့လဲသွားတာမျိုးတွေ ရှိတယ်လို့လည်း ကြားရတယ်" ဟု ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘွဲ့ရ ကိုဘုန်းထက်နောင်က ပြောသည်။

Phone_htet_naung_2.Jpeg

မိသားစုများ၊ ရှေ့နေများ၊ တက္ကသိုလ်များမှ ပါချုပ်၊ ဒုပါချုပ်များက ဖမ်းဆီးခံထားရသူတို့ ပြန်လွတ်ရေးအတွက် ကျိုက္ကဆံကွင်းရှေ့တွင် မတ် ၃ က တောင်းဆိုညှိနှိုင်းနေကြစဉ် (ဓာတ်ပုံ-ပေးပို့) 

မိသားစုများ၊ ရှေ့နေများ၊ တက္ကသိုလ်များမှ ပါချုပ်၊ ဒုပါချုပ်များက ဖမ်းဆီးခံထားရသူတို့ ပြန်လွတ်ရေးအတွက် ကျိုက္ကဆံကွင်းရှေ့တွင် မတ် ၃ က တောင်းဆိုညှိနှိုင်းနေကြစဉ် (ဓာတ်ပုံ-ပေးပို့) 

 

စစ်ကောင်စီကို ဆန့်ကျင်လျှင် ထောင်ကျနိုင်မည်ကို ယခင်ကတည်းက တွက်ဆထားသောကြောင့် ဖမ်းဆီးခံရချိန်တွင် ထိတ်လန့်တုန်လှုပ်ခြင်းမရှိဟု သူက ဆိုသည်။ 

အင်းစိန်ထောင်ရောက်လျှင် ကျောင်းသားသမဂ္ဂခေါင်းဆောင်များအနက်မှ ကိုဘုန်းထက်နောင်အပါအ၀င် ကျား ၇ ဦးနှင့် မ ၁ ဦးကို နှစ်ညတိုင်တိုင် စစ်ဆေးမေးမြန်းခဲ့သည်။   

မတ် ၅ နံနက်တွင် ထောင်အာဏာပိုင်များက ၎င်းအပါအဝင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုအောင်ဖုန်းမောင်၊ ဗကသများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး၊ ရန်ကင်းပညာရေးကောလိပ်မှ ကိုသုတစိုးတို့ ၄ ဦးကို ခေါ်ထုတ်သွားသည်။  

ကားပေါ် ဆွဲတင်ပြီး လူ ၈ ဦးခန့်က ဝိုင်းဝန်းမနှိပ်စက်မီ ထောင်ဗူးဝတွင် ၎င်းတို့ ၄ ဦးကို ဒူးထောက်ထိုင်ခိုင်းသည်ဟု ကိုဘုန်းထက်နောင်က ပြောသည်။

“နောက်ပြန်လက်ထိပ်ခတ်တယ်။ ပြီးတော့ လည်ပင်းမှာ ကြိုးစွပ်တယ်။ တစ်ကိုယ်လုံးကိုလည်း ကြိုးနဲ့တုပ်ထားတယ်။ မျက်လုံးကို အဝတ်နဲ့ အသေစည်းပြီးတော့ ခေါင်းတစ်ခုလုံးကိုလည်း တစ်ခုခုနဲ့ အုပ်လိုက်တယ်။ ပြီးတော့ ကားပေါ်ဆွဲတင်သွားတယ်” ဟု သူက ပြောသည်။  

“နာမည်မေးလိုက် ရိုက်လိုက်၊ နာမည် မကြားရဘူးဆိုပြီး ရိုက်လိုက်၊ ကျယ်ကျယ်အော်ခိုင်းလိုက် ရိုက်လိုက်၊ အဖေနာမည်အော်ခိုင်းလိုက် ရိုက်လိုက်နဲ့၊ ဘာမေးမေးသူတို့က ရိုက်တာ။ ဘယ်လောက်မှန်အောင်ပြောပြော ရိုက်တာပဲ”  

စစ်ထောက်လှမ်းရေး၏ နည်းလမ်းဟောင်း

၎င်းတို့ ၄ ဦးကို မင်္ဂလာဒုံမြို့နယ်၊ ရေကြည်အိုင်စစ်ကြောရေးစခန်းသို့ ပို့ဆောင်ကြကာ သီးခြားစီ စစ်ဆေးကြသည်။ 

“ဒူးထောက်တယ်ဆိုတာက ဒူးပဲထောက်ရတာ။ ခြေဖဝါးကို အပေါ်မှာ မြှောက်ထားရတာ။ ခြေဖဝါးက အောက်ကို ရောက်တာနဲ့ ဒီကောင်တွေက ရိုက်တာ။ မင်းကို ဒူးထောက်ခိုင်းတာ၊ ဒူးပဲထောက်။ မင်း ဒူးမထောက်တတ်ဘူးလား၊ မင်းဒူးအောက်မှာ ကျောက်ခဲခုထားမယ်ဆိုပြီးပြောတယ်" ဟု စစ်ထောက်လှမ်းရေးအဆက်ဆက် သုံးခဲ့သည့် စစ်ကြောရေးစခန်းတွင် ညှဉ်းပမ်းခံရသည့် အတွေ့အကြုံကို ပြန်ပြောသည်။ 

တစ်ယောက်က မေးမြန်းနေချိန် တုတ်နှင့် အခြားပစ္စည်းကိရိယာများကိုင်ထားသော သုံးယောက်က ရိုက်နှက်ကြခြင်းဖြစ်သည်။

“သူတို့က နေရာမရွေးဘူး။ အကုန်ရိုက်တယ်။ ဘာပဲမေးမေး ရိုက်တာက ရိုက်တာပဲ။ သူတို့က အဖြေသိရဖို့ဆိုတာထက် သက်သက်မဲ့ ညှဉ်းပန်းနှိပ်စက်ဖို့ကို ရိုက်တာ” ဟု ကိုဘုန်းထက်နောင်က ပြောသည်။

“ညဘက်လည်း မအိပ်ခိုင်းဘူး။ ညဘက် ၂ နာရီ ၃ နာရီလောက်ဆိုလည်း ထခေါ်ပြီးတော့ ရိုက်နှက်ပြီး မေးချင်လည်းမေးတာပဲ” 

ထို့နောက် ရိုက်နှက်သည့်အဖွဲ့ အခန်းမှ ထွက်သွားလျှင် လူတစ်ဦးရောက်ရှိလာခဲ့ပြီး ကောင်းကောင်းမွန်မွန်ပြောဆိုကာ ထွက်ချက်များကို စာရွက်တွင် ရေးခိုင်းခဲ့သည်။ ထို့နောက် ရိုက်နှက်သည့်လူကြမ်းအဖွဲ့ ပြန်ရောက်လာကာ ထပ်မံ နှိပ်စက်စစ်ဆေးကြပြန်သည်။

ဤနည်းလမ်းများမှာ မြန်မာနိုင်ငံတွင် စစ်ထောက်လှမ်းရေးက နိုင်ငံရေးလှုပ်ရှားသူတို့ကို စစ်ကြောရာတွင် ဆယ်စုနှစ်များစွာ သုံးကြသော နည်းလမ်းဖြစ်သည်။

“ဒီမှာ စစ်ခွေးတိုက်ရှိတယ်။ မင်းတို့ကို ခွေးစာကျွေးမယ်။ မင်းကို အဲဒီနေရာကို ပစ်ထည့်ပြီးတော့ ခွေးတွေ ဝိုင်းကိုက်ပြီးတော့ အမှန်အတိုင်းမဖြေရင် ခွေးစာကျွေးမယ်ဆိုပြီး အပြင်ခေါ်ထုတ်သွားပြီးတော့ ဒူးထောက်ခိုင်းပြီး လေးငါးခြောက်ယောက်လောက်က ခြိမ်းခြောက်ပြီး ဝိုင်းထိုးတယ်” ဟု ကိုဘုန်းထက်နောင်က ပြောပြသည်။ 

“ကျွန်တော်တို့သမဂ္ဂတွေကို နိုင်ငံခြားအဖွဲ့အစည်းတွေက ပိုက်ဆံတွေ အလုံးအရင်းပေးပြီးတော့ ဆန္ဒပြတာတွေကို လှုံ့ဆော်တယ်၊ လူငယ်တွေကို ထိုးကျွေးတယ်ပေါ့။ ဘာမှမသိဘဲ ပိုက်ဆံပေးပြီး လုပ်ခိုင်းတယ်ဆိုတာမျိုး စွပ်စွဲတာပေါ့။ ကျောင်းသားတွေက ဆရာမတွေကို CDM လုပ်ဖို့ ဘယ်လိုမျိုး လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ဟာမျိုးတွေပါတယ်” 

Phone_htet_naung_3.Jpeg

ရန်ကုန်တွင် တွေ့ခဲ့ရသော ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်နေပုံ

ရန်ကုန်တွင် တွေ့ခဲ့ရသော ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်နေပုံ

 

စစ်ကြောရေးနောက်ဆုံးညတွင် သူထောင်ကျစေမည့် သူ၏ထွက်ချက် အနှစ်ချုပ် ၅ မျက်နှာခန့်ကို ပြသရာ သူမပြောသည့် အချက်များပါနေသော်လည်း လက်မှတ်ထိုးခဲ့ရသည်ဟု ဆိုသည်။

၂ ညနှင့် ၃ ရက် စစ်ကြောပြီးနောက် မတ် ၇ တွင် အင်းစိန်ထောင်သို့ ပြန်ရောက်သွားသည်။ 

“ကျွန်တော်တို့နောက်ပိုင်း အသုတ်တွေက အရမ်းကို ကြမ်းတမ်းတယ်။ စစ်ကြောရေးမှာ ကျွန်တော်တို့ထက် နှိပ်စက်ခံရသူတွေ အများကြီးရှိတယ်" ဟု ၎င်းက ပြောပြသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က စစ်ကောင်စီသည် ၎င်းတို့ကို အံတုသူများအပေါ် ရန်ငြိုးထား တုံ့ပြန်နေခြင်းဖြစ်သည်ဟု ပြောသည်။

"ညှဉ်းပန်းနှိပ်စက်မှုဆိုတာ စစ်ကောင်စီရဲ့ မူဝါဒပါ။ စစ်ကောင်စီနဲ့ နောက်လိုက်နောက်ပါတွေဟာ မဖမ်းသင့်သူတွေကို ဖမ်းထားပြီး သတင်းရယူလိုချင်တာထက် သူတို့ကို ဆန့်ကျင်လို့ အငြိုးနဲ့ နှိပ်စက်နေတဲ့သဘော ပိုပေါက်ပါတယ်" ဟု ဦးဘိုကြည်က Myanmar Now ကို ပြောသည်။

"စစ်ကောင်စီကျူးလွန်နေတာဟာ သာမန်ရာဇဝတ်မှု မဟုတ်ပါဘူး။ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုဖြစ်နေပါပြီ။ ညှဉ်းပန်းနှိပ်စက်မှုတွေဟာ စနစ်တကျ နဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတာကို တွေ့ရပါတယ်"

အင်းစိန်ထောင်တွင်းမှ ဖိနှိပ်မှုများ

ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထားသူများကို မတ် ၂၄ နှင့် ၂၆ တွင် လွှတ်ပေးခဲ့ပြီးနောက်ပိုင်း ထောင်တွင်းဖိနှိပ်မှု ပိုဆိုးလာသည်။

အကျဉ်းသား၊ အချုပ်သားများ လိုက်နာရန် စည်းကမ်းချက် ၁၈ ချက်ကို ထောင်အာဏာပိုင်များက ရွတ်ဆိုခိုင်းရာ ပုဂ္ဂလိကဆိုင်ရာ လွတ်လပ်ခွင့်များကို ထိပါးနေသည့် အချက်များလည်း ပါဝင်နေသဖြင့် ရွတ်ဆိုရန် ငြင်းဆန်သော ကိုဘုန်းထက်နောင်အပါအဝင် ၇ ဦး ဧပြီ ၂၂ တွင် တိုက်ပိတ်ခံရသည်။

“အလုပ်ကို ကြိုးစားလုပ်ကိုင်ရမည်၊ ခွင့်ပြုချက်မရှိဘဲ စာအုပ်စာတမ်းတွေ မကိုင်ရဘူး၊ ၉ နာရီထိုးရင် အိပ်ခိုင်းတဲ့ဟာတွေ၊ ၇ နာရီထိုးရင် ဘုရာရှိခိုးရမယ်ဆိုတာမျိုးတွေ ပါတယ်" ဟု သူက ပြောသည်။ 

၃ ရက်ကြာတိုက်ပိတ်ထားပြီးနောက်တွင် အင်းစိန်ထောင်မကြီးထဲရှိတိုက်တွင် ၁ လတာ ဆက်လက်ပိတ်ထားခဲ့ရာ အခြားသူများနှင့် အဆက်အသွယ်ပြတ်တောက်သွားကြသည်။ 

 မေ ၂၅ တွင်သူတို့ ၇ ဦးကို  တရားစခန်းဟု ခေါ်သည့်နေရာသို့ ပို့ဆောင်လိုက်သည်။

“တရားစခန်းက တကယ့်ကို ၅၀၅ တွေကို ဖိနှိပ်တဲ့နေရာဖြစ်နေတယ်။ လုံးဝကို ပုံစံတကျ ဖိနှိပ်တယ်။ တရားစခန်းအဆောင်မှာ ၂ ခန်းမှာ ပုံစံခန်းဆိုပြီး ရှိတယ်။ ပုံစံခန်းက သူကြီး(နှစ်ကြီးထောင်သား) တွေ ရှိတယ်။ သူတို့က ကျွန်တော်တို့ကို (တရား)အတင်းထိုင်ဆို ထိုင်ခိုင်းပြီးတော့ တုတ်တွေနဲ့ရွယ်တယ်။ ပြီးတော့ သူတို့က အထုပ်တွေ ဖွင့်ရှာဖို့လုပ်တယ်" ဟု သူက ဆိုသည်။  

“ဒီလူတွေကပဲ ကျွန်တော်တို့ကို ဘေးတန်းတွေမှာ နေချင်ရင် ဘေးတန်းကြေးပေးရမယ်ဆိုပြီး ပိုက်ဆံတွေကောက်တယ်။ ဘေးတန်းမှာ နေချင်ရင် တစ်သောင်းခွဲပေးရမယ်တို့၊ အလုပ်မလုပ်ချင်ရင် တစ်သောင်းပေးရမယ်တို့၊ ပြီးတော့ ကျွန်တော်တို့ မိလ္လာတွေထမ်းခိုင်းတယ်။ မထမ်းချင်ရင် တစ်သောင်းခွဲပေးရမယ်လို့ အဲ့လိုမျိုးတွေ လုပ်စားတယ်ဗျာ" 

ကြမ်းပြင်ပေါ်တွင် အများနည်းတူ အိပ်စက်ခွင့်အတွက် ပိုက်ဆံပေးရသလို ရေအဝချိုးလိုလျှင်လည်း ပေးရသည်ဟု ဆိုသည်။   

တရားစခန်းဟူသော နေရာတွင် နှစ်ပတ်ကျော်ကြာနေခဲ့ရပြီးနောက် ၎င်းတို့ ၇ ယောက်လုံး နေရာပြောင်းရပြန်သည်။  

“တစ်ယောက်စီကို ခွဲထုတ်ပြီးတော့ ရာဇဝတ်သားတွေနေတဲ့ အဆောင်တွေကို ပို့လိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ ဘာလုပ်လဲဆိုတာကို စောင့်ကြည့်တယ်ပေါ့။ ရေချိုးတာ သေးပေါက်တာကအစ နောက်ကနေ လိုက်စောင့်တယ်" ဟု ၎င်းက ပြောသည်။

အပေါ်ဆောင်တွင် ရာဇဝတ်သားများနှင့် တစ်လနီးပါး နေထိုင်ခဲ့ပြီးနောက် ကိုဘုန်းထက်နောင်အပါအဝင် ၃ ဦးကို တရားစခန်းသို့ ထောင်အာဏာပိုင်များက ပြန်ပို့ခဲ့ပြန်သည်။ ကျန် ၄ ဦးမှာ အပေါ်ဆောင်တွင် ကျန်ခဲ့သည်။  

ပြန်လည်လွတ်မြောက်

တာမွေ၊ မရမ်းကုန်းမြို့နယ် တရားရုံးတို့တွင် ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားခြင်းကို ရင်ဆိုင်နေရစဉ် ကိုဘုန်းထက်နောင်သည် ဇွန် ၃၀ ညနေတွင် မမျှော်လင့်ဘဲ လွတ်မြောက်ခဲ့သည်။  

အမှုရင်ဆိုင်ဆဲ အကျဉ်းသားရာပေါင်းများစွာကို လွှတ်ပေးခဲ့ခြင်းမှာ စစ်ကောင်စီကြုံတွေ့နေရသော ဖိအားကြောင့်ဖြစ်နိုင်သည်ဟု ကိုဘုန်းထက်နောင်က ဆိုသည်။

“နိုင်ငံတကာမှာ မျက်နှာကောင်းလိုချင်လို့ လွှတ်ပေးတာဖြစ်နိုင်တယ်။ နောက်ပြီး သူတို့အပေါ် ဖိအားတွေကို လျှော့ပေါ့ဖို့လည်း ဖြစ်နိုင်တယ်" ဟု ၎င်းက တွေးတွေးဆဆ ပြောသည်။ 

ထိုနေ့တွင် ပြန်လည်လွတ်မြောက်လာသူများကလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတို့ ထောင်ထဲရောက်သွားလျှင် ရာဇဝတ်သားများထက်ပိုပြီး ခွဲခြားဖိနှိပ်မှုများနှင့် ရင်ဆိုင်ရသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

စစ်ကောင်စီသည် အံတုသူများကို ဖမ်းဆီးနေရာ ဇူလိုင် ၁၆ အထိ ဆက်လက်ထိန်းသိမ်းခံနေရသူ ၅၂၇၇ ဦး အနည်းဆုံးရှိပြီး ၎င်းတို့အနက်မှ ၂၅၄ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု AAPP အသင်း၏ လက်လှမ်းမီသမျှ စုံစမ်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

ထောင်တွင်းကျန်နေသော ရဲဘော်များလွတ်မြောက်ရေးနှင့် မပြီးဆုံးသေးသည့် နွေဦးတော်လှန်ရေးတွင် ဆက်လက်ပါဝင်ဦးမည်ဟု ကိုဘုန်းထက်နောင်က ဆိုသည်။

“စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေး၊ ဒီမိုကရေစီရရှိရေးအတွက် လုပ်ကိုလုပ်ရမယ်။ ကျွန်တော်တို့က ဒီမူဘောင်ကို ကိုင်ပြီးတော့ ဆက်လုပ်ရမှာပဲ" ဟု ကိုဘုန်းထက်နောင်က ပြောလိုက်သည်။







 
医院地址:云南-瑞丽市卯喊路95号
咨询电话:24小时服务热线:0692-8888100

瑞丽景成医院公众号
ICP备案号: 滇ICP备19006502号-1 公网备案号:53310202533169